လောင်စာဆီသိုလှောင်ရောင်းချမှုနှင့်ပတ်သက်၍  မြေနေရောချထားပေးရေးဆွေးနွေးညှိနှိုင်း

မင်းတပ်  ဇန်နဝါရီ        ၂၃

လောင်စာဆီသိုလှောင်ရောင်းချမှုနှင့်ပတ်သက်၍ မြေနေရာချထားပေးရေးဆွေးနွေးညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ စည်ပင်ခန်းမ၌ ကျင်းပခဲ့ကြသည်။

မင်းတပ်မြို့တွင်းနှင့် မြို့အဝင်/မြို့အထွက်နေရာများတွင် စက်သုံးဆီသိုလှောင်ရောင်းချနေမှုနှင့် ပတ်သက်၍ "အခုမင်းတပ်မြို့မှာရောင်းချနေကြတဲ့ စက်သုံးဆီအရောင်းဆိုင်တွေ လိုင်စင်ရတာ မရှိသေးပါဘူး၊ ပွင့်လင်းရာသီရောက်နေပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်လည်းစိုးရိမ်ရတယ်၊ မင်းတပ်-မတူပီလမ်းမကြီး တစ်လျှောက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ရောင်းချခွင့် မပြုတော့ပါဘူး၊ ရောင်းချဖို့မြေနေရာ အခက်အခဲရှိလာရင်  မြေနေရာတွေကို သစ်တောဦးစီးဌာနနဲ့ လမ်းဦးစီးဌာနတို့မှာသွားပြီးတော့ မြေနေရာ လျှောက်ထားလို့ရပါတယ်၊ လိုအပ်ရင် သက်ဆိုင်ရာ ဌာနတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ အဲလိုချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ခရိုင် အဆင့်/မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းထားပါတယ်၊ ကော်မတီဖွဲ့စည်းပြီးနောက်မှာ စက်သုံးဆီရောင်းချဖို့ မြေနေရာ တွေလိုက်လံရှာပေးမယ်။ ပြီးတော့ စက်သုံးဆီရောင်းချခွင့်လိုင်စင်ရအောင် သက်ဆိုင်ရာဌာနကို  တင်ပြပေးဖို့လည်းရှိပါတယ်၊ စက်သုံးဆီရောင်းချဖို့ စည်ပင်ဧရိယာနယ်နိမိတ်အတွင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ပေးထားပါတယ်။ သက်ဆိုင်ရာဌာနတွေနဲ့ လိုက်လံပြီး ချိတ်ဆက်ဆောင်ရွက် ပေးပြီးနောက်ပိုင်း ရောင်းချမှုတွေရှိရင် သက်ဆိုင်ရာ ဉပဒေအရ အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်။ မြို့ပြင်မှာမြေနေရာရပြီးရောင်းချသူတွေအတွက်လည်း လိုင်စင်ရရှိရေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟုမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မေသူလတ် ထံမှ သိရသည်။

လောင်စာဆီသိုလှောင်ရောင်းချခြင်းနှင့်ပတ်သက်၍ မင်းတပ်မြို့ပေါ်အတွင်းရှိ စက်သုံးဆီသိုလှောင် ရောင်းချသည့်ဆိုင်များကို မြို့၏အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် စက်သုံးဆီများကို မြို့ပေါ်အတွင်း ရောင်းချခြင်း မပြုကြရန်၊ စက်သုံးဆီများကို မြို့ဝင်/မြို့ထွက်သတ်မှတ်ထားသည့်နေရာများတွင်သာ ရောင်းချ ကြရန်၊ စက်သုံးဆီရောင်း ချမည့်မြေနေရာ မရှိသူများအနေဖြင့် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာန တို့တွင် သွားရောက်၍ မြေနေရာ လျှောက်ထားရန်၊ လိုအပ်ပါက ဌာနဆိုင်ရာများနှင့် စေ့စပ်ညှိနှိုင်း ပေးမည်ဖြစ်ကြောင်း သိရသည်။

 ခွီရှိန်းမောင်း(မင်းတပ်)