မင်းဘူးမြို့တွင် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် သိန်း ၉၀ ထုတ်ပေး

မင်းဘူး ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ  မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲက ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်း ၉၀ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘူးမြို့သစ်ထုတ်လုပ်ရေး ဒေသရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဦးမောင်ရွှေသည် (၅.၁၀.၂၀၂၀) ရက်နေ့ ညနေ (၄)နာရီခွဲ အချိန့်ခန့်က ဝမ်းဘဲချောင်းဆင်းစခန်းမှ (၇)မိုင်ခန့်ဝေးသည့် အလုပ်ဆင်ဝိုင်းသို့ ရိက္ခာပို့ရန်အတွက် စံလွန်းအမည်ရှိ ဆင်ပေါ်သို့ပစ္စည်းတင်ရန် ဆင်တွဲကြိုးအားဖြုတ်ပြီး ပြန်ထစဉ် အဆိုပါဆင်မှ ဦးမောင်ရွှေ၏ ဝမ်းဗိုက်နှင့် ဆီးခုံအထက်သို့ ဆင်အစွယ်ဖြင့် ထိုးပက်လိုက်သောကြောင့် ပြင်းထန်သောဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းခွင်တွင်ထိခိုက်သေဆုံးခဲ့သော အာမခံအလုပ်သမား ဦးမောင်ရွှေ၏ သေဆုံးမှု အတွက် ငွေကျပ်သိန်း(၉၀)တိတိကို ကျန်ရစ်သူအကျိုးခံစားခွင့်ရှိသည့် မိသားစုဝင်များထံ မကွေးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်မှ ပေးအပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးခြင်းဖြစ်ကြောင်း မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

မောင်မောင် (မင်းဘူး)