မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသ

မုံရွာ ဇူလိုင် ၁၀

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသားများ စာများများ ဖတ်ကြပါရန်နှင့် ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုလေ့လာမှသာ အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များပီပီ တိုင်းပြည်အတွက် အားကိုး၊ အားထားရသော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၉ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ရုံးကြီးရပ်ကွက်ရှိ ကူးတို့မြောက် အမှတ်(၁၆) အခြေခံပညာမူလတန်း လွန်ကျောင်း၌ ကျင်းပသည်။

ဦးစွာ အမှတ် (၁၆) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ခိုင်က အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ချစ်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်မောင်မယ်များ စာပေအလေ့ အထရှိစေရေး၊ ဗဟုသုတရှာဖွေတတ်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးရ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးကျော် စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)