ဟုမ္မလင်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ( Public Talk ) ဆွေးနွေးပွဲကျင်းပ

ဟုမ္မလင်း ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စု၊ နားသဲကျေးရွာ(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများက မိတ်ဆက်စကားပြောကြားခဲ့သည်။

ယင်းနောက် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ ပညာရေး ကျန်းမာရေး၊ လမ်းတံတား၊ ကျေးရွာသန့်ရှင်းသာယာလှပရေးစသည့် လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေနှင့် စစ်ကိုင်းတိုင်း​ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းစံလှစိုး၊ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေနှင့် စစ်ကိုင်းတိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းစံလှစိုး၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ဒေသခံရပ်ကွက်၊ ပြည်သူများ (၆၇) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်ဟုမ္မလင်းမြို့နယ်၊ နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် နားနှုံးကျေးရွာ အခြေခံပညာ (အ.မ.က) မူလွန်ကျောင်းတို့၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေနှင့် စစ်ကိုင်းတိုင်း​ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးတို့က သွားရောက်ကာ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လိုက်လံကြည့်ရှုအားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)