ဟုမ္မလင်းမြို့ အ.ထ.က(ကက်သာ)၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ၊ ထုတ်ပေးခြင်းကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း ဇူလိုင် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ဦးစီးဌာနရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ဇူလိုင်လ (၇) ရက်နေ့က ဟုမ္မလင်းမြို့၊ အထက(ကက်သာ) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်​​ပြည့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်မရှိသူများအား ဓာတ်ပုံရိုက်ခြင်း၊ သွေးစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဖြိုးကျော်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဦးငွန်ဘွလ်ထန်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်း​တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ဝင်များက သွားရောက်လှည့်လည်ကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး လက်ဝယ်သို့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)