မင်းဘူး ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က မင်းဘူးမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်လည်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေး၊ သံဃာတော်များပင့်ဖိတ်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ သံဃာတော်များဆွမ်းဆက်ကပ်လှူဒါန်းရေး၊ ဧည့်သည်တော်များ ဧည့်ခံကျွေးမွေးရေး၊ ဘဏ္ဍာတော်ရှာဖွေရေး၊ လူပုဂ္ဂိုလ်ဖိတ်ကြားရေးနှင့် လုံခြုံရေးဆပ်ကော်မတီဝင်များက အသီးသီးဆွေးနွေးတင်ပြကြသည်။ ထို့နောက် လုပ်ငန်းဦးစီးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ဝါတွင်းကာလအတွင်း သံဃာတော်များ သင်္ကန်းဖြင့် မပင်ပန်းစေရန်နှင့် ဒါယကာ၊ ဒါယိကာမများအနေဖြင့်လည်း မွန်မြတ်လှစွာသော ကာလဒါနကုသိုလ်များရရှိစေရန်အတွက် ဤကဲ့သို့ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများကို စည်ကားသိုက်မြိုက်စွာပြင်ဆင်ကျင်းပကြခြင်းဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း မိမိတို့၏အခန်းကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)