မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှူရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင် ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၀

မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဖူဆက်ရုံ အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်သလို တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ၊ “၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ” ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား စတင်ကျင်းပရာ မကွေးနှင့်  ပခုက္ကူ မြို့နယ်အသင်းတို့ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် အခမ်းနားသို့တက်ရောက် လာသူများကကြည့်ရှူအားပေးသည်။

အဆိုပါ ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်များက အုပ်စု (၄) ခု ခွဲ၍ အမျိုးသားပွဲစဉ်အဖြစ် (၂) ယောက်တွဲ၊ (၃) ယောက်တွဲ၊ (၄) ယောက်တွဲ ပွဲစဉ်များဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ဇွန်လ (၁၄) ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)