ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းပင်စင်ကျေးရွာ၌ အဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇူလိုင် ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာတာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လိုက်နာရမည့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များနှင့် ငွေစာရင်းဇယား ပြုစုထိန်းသိမ်းရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၅ ဒသမ ၄ သန်းကို လွှဲပြောင်းပေးသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျွန်းပင်စင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၀ ဦးကို ငွေကျပ် ၁၈ ဒသမ ၄ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၇ ဦးကို ငွေကျပ် ၁၅ ဒသမ ၃ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦးကို ငွေကျပ် ၁ သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၇ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၆၃ ဦးကို ငွေကျပ် ၃၅ ဒသမ ၄ သန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)