ချောင်းဦးမြို့နယ်၌ Drum Seeder လက်ဆွဲမျိုးစေ့ချကိရိယာသုံးစွဲနည်း နည်းပညာပေးသရုပ်ပြပွဲပြုလုပ်

ချောင်းဦး ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက မိုးစပါးစိုက်တောင်သူများအား မိုးစပါးပက်ကြဲမည့်အစား Drum Seeder လက်ဆွဲမျိုးစေ့ချကိရိယာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာစေရန် ရည်ရွယ်၍ လက်ဆွဲမျိုးစေ့ချ ကိရိယာသုံးစွဲနည်း နည်းပညာပေး သရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ အမှာစကားပြောကြားပြီး စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ သရုပ်ပြပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ Seeder သုံးစွဲရာတွင် ဆောင်ရန်ရှောင်ရန်အချက်များ၊ ကောင်းကျိုး၊ ဆိုးကျိုးများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျေးရွာ၈ရွာမှ တက်ရောက်လာသည့် တောင်သူ၃၁ဦးအနက်မှ Seeder နှင့်စိုက်ပျိုးမည့် တောင်သူနှစ်ဦးအား Seeder တစ်လက်စီ အခမဲ့ထောက်ပံ့ပေးအပ်ပြီး သရုပ်ပြပွဲအား လက်တွေ့ပြသခဲ့သည်။

ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသည် အခါအားလျော်စွာ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများ၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ထောက်ပံ့ပွဲများ၊ သွင်းအားစု ထောက်ပံ့ပွဲများပြုလုပ်၍ တောင်သူများအား ကူညီလျက်ရှိကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)