ကသာ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့က လူမှုရေးပင်စင်များကို ၎င်းတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့၊ ပတ္တမြားရပ်ကွက်တွင် သက်ကြီးဘိုးဘွား (၂၉)ဦးရှိပြီး အသက်(၁၀၀)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၆၀၀၀၀)နှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)တို့ကို ၎င်းတို့၏ လက်ဝယ်သို့ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်တွင် အသက်(၁၀၀)နှစ်အထက် ဘိုးဘွား(၃၅)ဦးနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၄၀)ဦးရှိပြီး အသက်(၁၀၀)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀)နှုန်းနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၇၂)သိန်းကျော်တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ရဲအောင်(ကသာ)