အုတ်တွင်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က အခြေခံပညာအထက်တန်း(ခွဲ)ဟင်းငုတ်ပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ခွဲ) ဟင်းငုတ်ပင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ယဉ်ဝေလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စေ့စပ်ညှိနှိုင်းသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး Grade-11 မှ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသော မောင်အောင်ပြည့်စုံဖြိုးက "လူငယ်နှင့်စာရိတ္တ"၊ မသက်ထားစံက "လူငယ်နှင့်ကျန်းမာရေး" ၊ Grade-10 မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မောင်ဇင်မင်းဗိုလ်က "လူငယ်နှင့်စာဖတ်ခြင်း"၊ မောင်နေထက်ဝင်းက” လူငယ်နှင့်နည်းပညာ”၊ မပိုးအိသဲက "လူငယ်နှင့်စာကြည့်တိုက်" စသည့် ခေါင်းစဥ်များဖြင့် ကျောင်းသား/ကျောင်းသူ ငါးဦးတို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)