ဒန့်သလွန်သီးဈေးကောင်းရသဖြင့် ဒန့်သလွန်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၃

ဒန့်သလွန်ပင်သည် ရေဝပ်သောမြေနေရာများကို ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း ကုန်းမြေများ တွင် အလွယ်တကူစိုက်ပျိုးနိုင်ပြီး ရှင်သန်ကြီးထွားမှုရှိကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒန့်သလွန်သီး တစ်တောင့်လျင် နှစ်ရာကျပ် ရရှိပြီးဈေးကောင်းသဖြင့် မိမိအိမ်ခြံဝန်းအတွင်းမှာပင် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့  မြို့ပေါ်ရှိရပ်ကွက်များ၌  အိမ်ခြံဝန်းများတွင် ဒေသမျိုးဒန့်သလွန်ပင်ကို မျိုးစေ့ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အကိုင်းခုတ်ကာ မြေကြီးတွင်းသို့ထိုးသွင်းကာ ဖြစ်သလိုသာ စိုက်ပျိုးပြီး မြေဩဇာထည့်ကျွေးခြင်း ရေလောင်းပေးခြင်းမရှိပဲ ရှင်သန်ကြီးထွားကာ အသီးအပွင့်မှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါဒန့်သလွန်ပင်ကို မိုးဦးကျစတွင် မျိုးစေ့သို့မဟုတ် အကိုင်းကို ထိုးသွင်းစိုက်ပျိုးပြီး အချိန်နှစ်မိုးခန့်တွင် အပွင့်စပွင့်ကာ အသီးသီးလျက်ရှိကြောင်း ဒန့်သလွန်ပင်ကို မိမိအိမ်ခြံဝန်းမှာပင် နှစ်ပင်သုံးပင်ခန့်စိုက်ပျိုးခြင်းဖြင့် အရွက်နှင့်အသီးကိုခူးယူကာ စားဖိုဆောင်စရိတ်သက်သာပြီး ပိုလျှံသီးနှံများကို ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိသဖြင့် စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းသိရသည်။

မျိုးမင်းဦး ပြန်/ဆက်