ကော့သောင်း ဇူလိုင် ၉
ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လျင်မြန်ထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရန် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများက ငလျင်ဘေးအန္တရာယ် အမှန်တကယ်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ စနစ်တကျရင်ဆိုင်တုံ့ပြန်ရမည့် နည်းလမ်းအဆင့်ဆင့်အား လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျင်မြန်စွာကယ်ထုတ်ခြင်းလုပ်ငန်းများ၊ ဒဏ်ရာရရှိသူများကို အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက် သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်လူနာအားလူနာယာဉ်ဖြင့်တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွတ်ဝောာ်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သည် ပင်လယ်ကမ်းရိုးတန်းရှည်လျားပြီး တောင်ကုန်းတောင်တန်းများထူထပ်ကာ မိုးများသည့်ဒေသဖြစ်သည့်အတွက် ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မီးဘေး၊ ငလျင်ဘေးနှင့် အခြားသောဘေးအန္တရာယ်များကျရောက်နိုင်သည့် ဒေသဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူများ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သောအသိပညာဗဟုသုတရရှိစေရန်၊ သဘာဝဘေးအန္တရာယ်များနှင့် အမှန်တကယ်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ စနစ်တကျရင်ဆိုင်တုံ့ပြန်တတ်စေရန်၊ တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတိပေးခြင်းအတွက် အားနည်းချက်/အားသာချက်များကို သိရှိဖော်ထုတ်ဖြည့်စွက်ဆောင်ရွက်ရန်၊ စာသင်ကျောင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်” စသည့်ရည်ရွယ်ချက်တို့ဖြင့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)