ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကြံခင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့်တာဝန်ရှိ သူများသည် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သော အ.ထ.က(၂)(က)အသင်းနှင့် ဘိလပ်မြေ အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ဆုချီးမြှင့်ပွဲအခမ်းအနား အမှာစကားပြောကြား ရာတွင် ပြိုင်ပွဲတစ်‌လျှောက်လုံးမှာ ပြိုင်ပွဲအသင်းတွေအားလုံး ရေကုန်ရေခမ်း အားသွန်ခွန်စိုက်နဲ့ မိမိတို့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ဖော်ပြသသွားတာတွေ့ရတဲ့အတွက် အင်မတန်မှ ပီတိဖြစ်ရကြောင်း၊ နိုင်ခြင်းရှုံးခြင်းဆိုတာထက် အားကစားစွမ်းရည်ကို စည်းကမ်းတကျ တရားမျှတ စွာဖြင့် အချင်းချင်း ချစ်ခင်ရင်နှီးမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားကြတာဟာ အားကစားရဲ့အနှစ်သာရပဲ ဖြစ်ကြောင်း ပြောကြားပြီး၊ တတိယဆုရရှိသော အ.ထ.က(၁)(က)အသင်း၊ ဒုတိယဆုရရှိသော ဘိလပ်မြေအသင်းနှင့် ပထမဆုရရှိသော အ.ထ.က(၂)(က)အသင်းတို့အား တာဝန်ရှိသူများက လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် (၃) ရက်နေ့မှ ဇူလိုင် (၇) ရက်နေ့အထိ အသင်း (၈) သင်းဖြင့် ကျင်းပပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)