ကြံခင်းမြို့၊ အ.မ.က(ချောင်းဝ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ကြံခင်း ​​ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ‌ရွှေတောင်စုရပ်ကွက်၊ အ.မ.က(ချောင်းဝ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုမွန်သန်းကအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံဖြိုးလာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဦးစီးအရာရှိက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးအေးနိုင်(သူနာပြု- ဦးစီးအရာရှိ)က “ဖုန်းနဲ့မျက်လုံး အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ဝင်းဝင်းကြည့်က အစာအဟာရအုပ်စုများ တွင်ပါဝင်သည့် အကျိုးအာနိသင်များအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက “လူငယ်နှင့်စာကြည့်တိုက်” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး တာဝန်ရှိသူများက အမှတ်တရလက်‌ဆောင်ပစ္စည်းများ ပေးခဲ့ကြသည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)