ကျွန်းလှ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ဇီးတောကျေးရွာ ကွင်းအမှတ် (၂၉၉) တောင်သူ ဒေါ်သောင်းငွေ၏ လယ်မြေ ၅ ဧက၌ မိုးစပါးပန်းအထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရာ၌ ကြိုးတန်းဆယ်တန်းတစ်တန်းလှပ် စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွားမှုမြန်ခြင်း၊ ပေါင်းထိုးတမန်းနှိုးလွယ်ကူခြင်း၊ ပေါင်းမြက် ကင်းရှင်းခြင်း၊ ရင့်မှည့်ညီညာ၍ ရိတ်သိမ်းချိန် အလေအလွင့်နည်းပါးခြင်း၊ သီးနှံအထွက်နှုန်း ပိုမိုထွက်ရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၃၅၆၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၇၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ