ဘိုကလေး ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က စာသင်ကျောင်း အခြေပြုသဘာဝဘေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်သည်။
ဟောပြောပွဲသို့ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီး အရာရှိ ဦးထွန်းအောင်နှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲနိုင်နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ အင်အား (၃၅၀)ခန့် တက်ရောက်ကြပြီး ဟောပြောပွဲမစတင်မီ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်က အဖွင့်အမှာစကားကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲနိုင်က ဩဝါဒစကားကို လည်းကောင်း အသီးသီးပြောကြားသည်။
ထို့နောက် ကျောင်းသား/သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က ရေဘေး၊ လေဘေး၊ မိုးကြိုးဘေးအပါအဝင် သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်းသော သိကောင်းစရာများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင် မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင် ရွက်ရမည့် အချက်များ၊ ရှောင်ရှားရမည့် အချက်များအား အသီးသီးဟောပြောခဲ့ပြီး တာဝန်ရှိသူများ ကလည်း မီးဘေး အပါအဝင် သဘာဝဘေးနှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား/သူများကို ဝေငှ အသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)