ပြည် ဇွန် ၉
ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု ကွင်းအမှတ် ၇၄၁ D ကွင်း တောင်သူ ဦးဖိုးဝ၏ လယ်မြေ (၁၀) ဧကတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ခရိုင်စက်မှု လယ်ယာဦးစီးမှူး ဦးကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။
ထို့နောက် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်တွေ့ဆုံ၍ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်သား ရှားပါးမှုပြသာနာကို ဖြေရှင်းနိုင်သည့်အပြင် ကောက်ကွက်ပြည့်မီခြင်း၊ ကောက်ပင်များ ထိခိုက်မှုမရှိခြင်းနှင့် ပင်ပွားပွားစီးမှုပိုမိုကောင်းမွန်ခြင်းဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေမည်ဖြစ်ကြောင်းအား တောင်သူများထံ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)