ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ထားဝယ် ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊  အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သော လူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာ ဗဟုသုတများ ဆည်းပူးလေ့လာရန်လိုအပ်ကြောင်း၊ စာပေများကို ဖတ်ရှုလေ့လာပြီး ရရှိသော အသိပညာ ဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူ များအနေဖြင့်စာကောင်းပေမွန်များကို ရွေးချယ်ဖတ်ရှုတတ်ရန် လိုအပ်ကြောင်း၊ ငယ်စဉ်ဘဝကတည်းက စာကောင်းပေမွန်များကို ဖတ်ရှုခြင်းအားဖြင့် မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာများ ရရှိပြီး အခြေခံစိတ်ဓာတ်ကောင်းများလည်း ရရှိစေမှာဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာ ဗဟုသုတများကို စိတ်ပါဝင်စားစွာလိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက လူငယ်နှင့်မျိုးချစ်စိတ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် မေးမြန်းဆွေးနွေးသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပါဝင်ဆွေးနွေး‌ပေးသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ၊ စာအုပ်စာဆောင်များ၊ အသိပညာပေး ပိုစတာများအား ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)