သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုပုံစံ ဖြည့်သွင်းခြင်းသင်တန်းဖွင့်လှစ်

ပြည် ဇူလိုင် ၉

သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ ပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုပုံစံ ဖြည့်သွင်းခြင်းသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုစာရင်းအင်းအဖွဲ၊ ပဲခူးတိုင်းဒေသကြီး တိုင်းတာဝန်ခံ ဒေါ်တင်နွယ်နွယ်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ ဦးစီးအရာရှိ ဦးဖြိုးသူအောင်က ဘေးသင့်အိမ်ထောင်စုနှင့် လူဦးရေစာရင်းကောက်ယူခြင်း၊ လူနေအဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် အစိုးရအဆောက်အအုံ ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ပုံစံဖြည့်သွင်းနည်းများ၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးနိုင်သည့် ကဏ္ဍအသီးသီးအတွက် ပုံစံဖြည့်သွင်းနည်းများကို အသေးစိတ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား (၉-၇-၂၀၂၆) ရက်နေ့နှင့် (၁၀-၇-၂၀၂၆) ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)