ပြည်မြို့ အ.ထ.က (၄) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ပြည် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၄) ရှိ "ပညာရိပ်မွန်ခန်းမ" ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ "စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မိုးနိုင်က အားကစားဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးသန်းဇော်ထွေးက သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပတ်၀န်းကျင်ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ "လူငယ်စကားဝိုင်း" ကိုကျင်းပရာ ကျောင်းသား/ကျောင်းသူ ဦးဆောင်သူများက အောက်ပါခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ မောင်ချမ်းမြေ့အောင် (Grade 11 - A) မှ "လူငယ်နှင့်အားကစား"ဆိုင်ရာအသိပညာများကိုလည်းကောင်း၊ မငွေစင်ယုယ (Grade 11 - A) မှ "လူငယ်နှင့်မူးယစ်ဆေးဝါး"ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မမေဇူးအောင် (Grade 11 - A) မှ "လူငယ်နှင့် Social Media" ဆိုင်ရာ အသိပညာများကိုလည်းကောင်း၊ မောင်အောင်ကောင်းမျိုး (Grade 10 - A) မှ "လူငယ်နှင့် စာပေ" အသိပညာများကိုလည်းကောင်း၊ မအေးမြတ်ဇင် (Grade 10 - A) မှ "လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး" ဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ယင်းနောက် အ.ထ.က (၄) ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားလူငယ်များ ဗဟုသုတတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)