တောင်တွင်းကြီးမြို့နယ်၌ ရက်၁၀၀ စီမံချက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ရက်၁၀၀ စီမံချက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ငါးဆင့်) ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါအသိပညာပေးဟောပြောပွဲကို တောင်တွင်းကြီးမြို့နယ်၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုအရာခံဗိုလ်စိုးပိုင်က  ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ်မောင်းနှင်သူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များအား အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူပေါင်း (၁၅၀) ကျော်ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)