မင်းဘူး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲဇင်လတ်က နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အသုံးဝင်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်အတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”
ဆောင်ပုဒ်နှင့်အညီဆောင်ရွက်ပေးနေမှုနှင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့်လုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်တို့က အမှာစကားပြောကြားပြီးနောက် မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူပေါင်း ၁၁၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် UID ကတ်များကို ပေးအပ်ခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများအပါအဝင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွာရောက်၍ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်စေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို One Stop Service ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အနေဖြင့် အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) ၁၁၉၇ ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) ၁၅၁ ဦး စုစုပေါင်း ၁၃၄၈ ဦးတို့အား လျာထားချက်ထက်ပြည့်မီကျော်လွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)