မော်လမြိုင်ကျွန်းမြို့နယ်၌ သမဝါယမကဏ္ဍဖွံ့ဖြိုးရေး တောင်သူများနှင့်တွေ့ဆုံပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်ကျသောစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့အကောင်အထည်ဖော်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားရာ၌ သမဝါယမစနစ်ကို အခြေခံ၍တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေး၊ စုပေါင်းပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တောင်သူများအား တိုက်တွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက စနစ်ကျသော စိုက်ပျိုးရေးတဆက်စပ်တည်း ဧက(၁၀၀)အကွက်များဖြစ်စေရန် မြေပြုပြင်ရေး၊ အရည်အသွေးမြင့် စပါးထုတ်လုပ်မှု၊ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော စိုက်ပျိုးထုတ်လုပ်ရေးနည်းလမ်းများနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တောင်သူများကိုယ်စား ဦးတင်အောင်သန်းက လက်တွေ့စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခြေအနေများ၊ အခက်အခဲများနှင့် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ်ဆန်စပါးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါတောင်သူ (၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)