ကျိုက်လတ် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ(၈)ရက်၊ နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝေထက်က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသောက်ကုန်များနှင့်ပတ်သက်၍ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝေက အားကစားနှင့် ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ လူကုန်ကူးမှုအကြောင်း၊ ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့နှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ “လူငယ်အသိပညာပေးဟောပြောပွဲ”သို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝေထက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်း၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)