တောင်တွင်းကြီးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၉

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်ကမကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျွမ်းကျင် -၂ ဓာတ်ပုံ ဦးမျိုးသိန်းက ကျောင်းသားလူငယ်များ ရည်မှန်းချက်ထား ကြိုးစားရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဗလတို့နှင့် ပြည့်စုံကုံလုံစွာ ဖွံ့ဖြိုးလာအောင် ကြိုးစားပြုစုပျိုးထောင် အားထုတ်ကြရန်လိုပါကြောင်း၊ ကျောင်းနေအရွယ်လွန်ပြီးနောက်လည်း လူသားတစ်ဦးအနေဖြင့် အဆိုပါဗလငါးတန် ရှင်သန်ကြီးထွား ကြီးပွားဖွံ့ဖြိုးတိုးတက်နေအောင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကိုယ်တိုင်က သင်ယူလေ့လာဆည်းပူးခြင်း၊ ဖြည့်ဆည်းပျိုးထောင်ခြင်းတို့ဖြင့် အစဉ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း  အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)