ပေါက်ခေါင်းမြို့နယ် အ.ထ.က(ခွဲ)အမှတ်(၁)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)အမှတ်(၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြူကြူခိုင်က အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သင်းသင်းထွေးက ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲကိုစတင်ကျင်းပခဲ့ကြရာ "လူငယ်နှင့်ဇာတိမာန်" ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်ရှင်းသန့်အောင်ကလည်းကောင်း၊  "လူငယ်နှင့်ရိုင်းပင်းကူညီလိုစိတ် " ခေါင်းစဉ်ဖြင့် Grade-7 မှ မစုမြတ်နဒီကလည်းကောင်း၊ "လူငယ်နှင့်နည်းပညာ "ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်ထွဋ်ထွဋ်လွင်ကလည်းကောင်း၊ "လူငယ်နှင့်မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု " ခေါင်းစဉ်ဖြင့် Grade-8 မှ မမွန်မြတ်ပြည့်စုံက လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြကာ ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)