ကန့်ဘလူမြို့ ကိုယ်ပိုင်ကျောင်းများ၌ မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှုများနှင့် မီးလောင်မှုအကြိမ်ရေ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောခြင်းများကို ဇူလိုင် ၈ ရက်မွန်းလွဲပိုင်းက ကိုယ်ပိုင်ကျောင်းများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့မစခန်းမှူး ဒုတိယဦးစီးမှူး ဦးဇော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာန၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မဟာစံမြင့်မိုရ်၊ ရောင်စဥ်လှိုင်းနှင့် ဓဝံကိုယ်ပိုင်ကျောင်းတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မီးသတ်ဆေးဘူး စစ်ဆေးခြင်းနှင့် ဒုတိယဦးစီးမှူး ဦးဇော်လင်းက အသိပညာပေးဟောပြောကာ လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ကျောင်းများအတွင်း လျှပ်စစ်မီးမိန်းများထားရှိမှု၊ ရေကန်များထားရှိမှု၊ မီးဖိုချောင်များတွင် ချက်ပြုတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ကျောင်းတာဝန်ရှိသူများအား အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)