ငွေဆောင် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သဇင်၌ ပညာသင်ကြားခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က (ခွဲ) သဇင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ချစ်စုနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမောင်မောင်စန်းတို့က ဂုဏ်ပြုကျေးဇူးတင်စကားအသီးသီး ပြောကြားခဲ့ကြသည်။ ယင်းနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးထွက် ရှိအောင် သင်ကြားပေးခဲ့သော ဆရာမအား မြို့အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော် ဆောင်များနှင့် စေတနာရှင်များက ဂုဏ်ပြုဆုတော်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းကာ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် မြို့အုပ်ချုပ်ရေးမှူးသည် အ.ထ.က(ခွဲ)သဇင်မှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းဝန်းအတွင်း ဆရာ၊ ဆရာမများအတွက် နားနေဆောင်ဆောက်လုပ်နေမှုအခြေအနေ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ကျောင်းမုန့်ဈေးတန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး