ဝေါ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၁)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ပုဂံ၌ ကျင်းပခဲ့သည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပုဂံမှ ကျောင်းအုပ်ဆရာကြီး ဦးတင်စန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး၊ အ.ထ.က(ခွဲ)ပုဂံကျောင်းမှ Grade(9) ကျောင်းသူ မဇွန်မြတ်နိုးအောင်က ပညာရေးကဘဝကိုပြောင်းလဲပေးနိုင်သောအင်အား ခေါင်းစဉ်ဖြစ် လည်းကောင်း၊ Grade(9) ကျောင်းသား မောင်သက်လှိုင်ဝင်းက အနာဂတ်လူငယ် ခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade(8) ကျောင်းသူ မသဲဆုလှိုင်က လူငယ်ရဲ့အသံနိုင်ငံရဲ့အား ခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade(9) ကျောင်းသူ မဧပရယ်သန်းက မီဒီယာနဲ့လူငယ် ခေါင်းစဉ်ဖြစ်လည်းကောင်း၊ Grade(7) ကျောင်းသား မောင်ရဲရင့်ဘုန်းမာန်အိမ် ငွေကြေး၏အရေးပါပုံ ခေါင်းစဉ်ဖြစ်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေး ခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ဗဟုသုတ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက် လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)