မော်လိုက် ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး ကျောင်းသား/ကျောင်းသူများ ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က အ.ထ.ကကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင်ကျော်ဦးက Grade-12 အောင်ချက်မြင့်မားရေး ပညာသင်ဆုပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများကို ပညာသင်ဆုများပေးအပ်ခဲ့ပြီး ထူးချွန် ကျောင်းသား/သူများ ပညာသင်ဆုပေးအပ်ရာတွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၆-၂၀၂၇ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောခဲ့သည်။
ခရိုင်အဆင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျောင်းသား/ကျောင်းသူ (၈၀) ဦးတို့ကို ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းမှန်မှန်တက်ပြီး စာကြိုးစားသည့် ထူးချွန်ကျောင်းသား/ကျောင်းသူ (၄၀) ဦးတို့ကို စိစစ်ရွေးချယ်ပြီးပညာသင်ဆုအား လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းဦးစီးမှူး ဦးအောင်ကျော်ဦးထံမှ သိရသည်။
ကိုထက်(ပြန်/ဆက်)