မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၊ မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ၊ မိုးနှမ်းအထွက်တိုးစံပြကွက် သိပ္ပံနှမ်းနက်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

မြို့သစ် ဇူလိုင် ၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်ကိုကိုသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာသို့ရောက်ရှိကာ ကွင်းအမှတ်၊ ၁၅၂၇ - က၊ ဦးပိုင်အမှတ် ၂၁ ရှိတောင်သူဦးခင်ရွှေ စိုက်ပျိုးထားသော မိုးနှမ်းအထွက်တိုး စံပြကွက် သိပ္ပံနှမ်းနက် (၁၀) ဧကစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက သိပ္ပံနှမ်းနက်စိုက်ပျိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေပြင်သာကျေးရွာရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိကာ ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ဆရာ/ ဆရာမများအတွက် ဆန်၊ ဆီ၊ ကုလားပဲထောက်ပံ့ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ထောက်ပံ့ခြင်း၊ ၂၀၂၆ ခုနှစ်  စက်မှု၊ စိုက်ပျိုး၊‌ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် (Top 6 နှင့် Top 7) ရရှိသည့်  ကျောင်းသား (၂) ဦးအား တစ်ဦးလျှင် (၃) သိန်းကျပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအဆင်ပြေစေရန်အတွက် နတ်မောက်ဆည်ရေ သောက်စနစ်မှ နှစ်စဉ် မိုးစပါး၊နွေစပါးနှင့် နွေနှမ်းဧက  စုစုပေါင်း (၂၀၀၀၀) ကျော်အတွက်  နတ်မောက်လက်ဝဲတူးမြောင်းမကြီးနှင့် လက်ယာတူးမြောင်းမကြီးတို့မှ ရေပေးဝေမှုအခြေအနေများ၊ တူးမြောင်းနှင့် တူးမြောင်းအဆောက်အအုံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)