သံတောင်ကြီးဒေသတွင်  ကော်ဖီစိုက်ပျိုးသူများ  ပိုမိုများပြားလာ

သံတောင်ကြီး ဇူလိုင် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ဇူလိုင်လအတွင်း ကော်ဖီပျိုးပင်များကို မိမိတို့၏ ဥယျဉ်ခြံမြေများ၌ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

အဆိုပါ  ဒေသခံပြည်သူများမှာ အများအားဖြင့် (၂)နှစ်သားကော်ဖီပျိုးပင်များကိုစိုက်ပျိုးပြီး(၃)နှစ်ခန့်တွင် အပွင့်များ စတင်ဖူးပွင့်လာပြီး (၄)နှစ်ခန့်တွင် အသီးများကို စတင်ခူးယူနိုင်သည်။ ဒေသခံပြည်သူများ စိုက်ပျိုးသောကော်ဖီ  အမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာ ကော်ဖီ(အပင်မြင့်ကော်ဖီ)ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။ ယခင်နှစ် ကော်ဖီစေ့ တစ်ပိဿာကိုကျပ်(၂၀၀၀၀)အထိသာရရှိသော်လည်း ယခုနှစ် ကော်ဖီစေ့များဈေးကောင်းရရှိရန် မျှော်လင့်သည့်အတွက် ကော်ဖီစိုက်ပျိုးသူများပိုမိုများပြားလာကြောင်း သိရသည်။

နော်နော်မူ