ညောင်လေးပင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၄)နာရီအချိန်က မူလွန်-တော်ဝိဂုံးပိုင်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မူလွန်-တော်ဝိဂုံးပိုင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာ ကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတရရှိစေမည့် စာအုပ်၊စာစောင်များကို ဖတ်ရှုစေခြင်း၊ ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)