ရေတာရှည်မြို့နယ်‌ အောင်ချမ်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရေတာရှည် ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ) အောင်ချမ်းသာကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အ-ထ-က(ခွဲ) အောင်ချမ်းသာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဖြူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ-ထ-က(ခွဲ) အောင်ချမ်းသာကျောင်းမှ ကျောင်းသူလေးများက လူငယ်နှင့်အချိန်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းကို တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်သူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)