မြိတ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ဇူလိုင်(၈)ရက် နံနက်ပိုင်းတွင် တောင်သူများအား ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများ၌ ဆားငန်ဒဏ်ခံ စပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေးဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မြိတ်ခရိုင် သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်၍ ပင်လယ်ရေငန်ဝင်ရောက်လယ်မြေ (၄၃၉၃)ဧကရှိနေပြီး ဆားငန်ဓာတ်ရှိသည့် ဧရိယာများတွင် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းအပေါ်တွင် ဆိုးကျိုးသက်ရောက်သည့် စိန်ခေါ် မှုများ ရှိနေသောကြောင့် ပင်လယ်ရေငန် ဝင်ရောက်နိုင်သည့် စိုက်ပျိုးဧရိယာအချို့တွင် တောင်သူများ စိုက်ပျိုးနေကြ စပါးမျိုးများစိုက်ပျိုးသည့်အခါတွင် အထွက်နှုန်းလျော့နည်းခြင်း အခက်အခဲကိုဖြေရှင်းနိုင်ရန် ဆားငန်ဒဏ်ခံစပါးမျိုးများ၏ သုတေသနတွေ့ရှိချက်များ ပေါင်းစပ်ကာ ပင်လယ်ရေငန် ဝင်ရောက်သည့် ဧရိယာများတွင် အထွက်နှုန်း တိုးတက်ရရှိရေးအတွက် ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနခြံ (မြောင်းမြ) တာဝန်ခံ ဒေါက်တာ ဖြူပြာလွင်က ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများတွင် ဆားငန်ဒဏ်ခံစပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးက ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများရှိ တောင်သူများအား ဆားငန်ဒဏ်ခံ စပါးမျိုးများပေး အပ်သည်။
ဆက်လက်၍ တောင်သူများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနခြံ (မြောင်းမြ) တာဝန်ခံက ဆားငန်ဒဏ်ခံ စပါးမျိုးများ စိုက်ပျိုးခြင်းနှင့် ဆားငန်ဒဏ်ခံ စပါးမျိုးသစ် ရွှေပြည်မင်းနှင့် ဧရာမောင် မျိုးစပါးနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးရာ တောင်သူများနှင့် တက်ရောက်လာကြသူ များက သိလိုသည်များမေးမြန်ခဲ့ကြရာ ဒေသသုတေသနခြံ (မြောင်းမြ) တာဝန်ခံ နှင့် တိုင်းဒေသကြီး ဝန်ကြီးတို့က ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
ဆက်လက်၍ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ ကျေးရွာကုန်ထုတ်လမ်း နဘေး မိုးစပါးစိုက်ခင်း ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများတွင် ဆားငန်ဒဏ်ခံနိုင်သည့် စပါးမျိုးများ အား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြခြင်းကို တောင်သူများနှင့်အတူ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြ သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် သမုတ်ကျေးရွာရှိ စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြပြီး အတန်းစဉ် ဘာသာရပ်အလိုက် သင်ကြားသင်ယူနေမှုများအား ကြည့်ရှုအားပေး၍ ကျောင်းသား/သူများအား ပညာကိုကြိုးစားသင်ယူကြရန်နှင့် မိမိတို့သင်ကြားလေ့ကျင့် တတ်မြောက် ထားကြသည့် စိုက်ပျိုးမွေးမြူရေးပညာရပ်တွေနှင့် မိမိဒေသ၊ မိမိတို့နိုင်ငံတော်ကို အကျိုးပြု နိုင်သည့် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် သမုတ်ကျေးရွာ ကင်းပြင်ကွင်းရှိ ရေငန်ဝင်ရောက်သည့် လယ်ဧကများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူ များမှ လယ်ကြားမြောင်းများ တူးဖော်ပေးနိုင်ရန် တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီး က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )