ဘားအံမြို့၌ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ကျောင်းသူ  ၂၂၀၀ ပါဝင်ဆင်နွှဲ

ဘားအံ ဇူလိုင် ၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့နယ် အိန္ဒုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပတ်ဝန်းကျင်ဒေသများရှိ အခြေခံပညာကျောင်းပေါင်း  ၁၈ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ  ၂၂၀၀ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိန္ဒုအခြေခံပညာအထက်တန်းကျောင်း ပရိဝုဏ်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကျင်းပသော အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ ဉာဏ်စမ်းပဟေဠိ(Kahoot Quiz)ပြိုင်ပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်အရောင်းပြပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြု ပြခန်း၊ စာဖန်ရှိန်မြှင့်တင်ရေး စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ရသ၊ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုး စာအုပ် ဈေးရောင်းပွဲတို့တွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု တို့ကိုလှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုတ၊ ရသ၊ စာအုပ်၊ စာစောင်ပေါင်း ၁၅၄၂ အုပ်ရှိသော ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အိန္ဒုအခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီအသင်း(၅)သင်းအား တစ်သျှူးငှက်ပျောပျိုးပင်များပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူများက တစ်သျှူးငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးနေမှုကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကျောင်းခန်းမ၌ အိန္ဒုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး စာပဒေသာ ဝေဆာစေ Video Clip ကို ကြည့်ရှုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ခြင်းသည် ရေရှည်ပြုစုပျိုးထောင်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် ကျောင်းသားလူ ငယ်များ အသိပညာဗဟုသုတတိုးပွားစေမည့် စာပေဖတ်ရှုလေ့လာမှုရှင်သန်ခိုင်လာစေရန် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ စာဖတ်သည့်အလေ့အထများ ရရှိစေမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေး ဒေသတာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများ၊ ဆရာ၊ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဝဲကရင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပညာပန်းများလန်းရာမြေ သီချင်းဖြင့်လည်းကောင်း၊ နောင်လုံအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက  ထိန်းသိမ်းစို့လေ ပညာအမွေသီချင်းဖြင့်လည်းကောင်း၊ အိန္ဒုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အလှဆုံး ပန်းများပွင့်ကြပြီ သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက် ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားကာ ဖက်ထုတ်ထမင်းများကို ဝေငှပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)