အုတ်ဖိုမြို့နယ်တွင် အခြေခံ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အုတ်ဖို              ဇန်နဝါရီ ၂၃                                                             

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုတလက်တန်းကျေးရွာအုပ်စု၊ ဘုတလက်တန်း ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် အခြေခံဒီဇယ် အင်ဂျင်စက်ပြင်သင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ် ၂ နာရီ ၃၀ အချိန်က သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်မှ အဖွင့်အမှာ စကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးက သင်တန်းများ ဖွင့်လှစ်နေမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းသားများက သင်တန်းတွင် ရရှိခဲ့သည့်အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးရာ သင်တန်းကာလအား ထပ်တိုးပေးမည်ဆိုပါက ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဒေသလိုအပ်ချက်အရ ရိတ်ခြွေစက်နှင့်ထွန်စက်များ ပြုပြင်ထိန်းသိမ်း ခြင်း သင်တန်းများကိုပါ ထည့်သွင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် မိမိတို့တောင်သူများအနေဖြင့် စက်ပြင် သင်တန်းများဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးတင်ပြရာ ဦးဝင်းမြင့်စိုးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် သင်တန်းသားများအား ဦးဝင်းမြင့်စိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်း တွင် သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ ရက်(၂၀)ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)