မုံရွာမြို့၌ “မိသားစုတစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးနည်း ပညာပေးသင်တန်း” ဖွင့်ပွဲကျင်းပ

မုံရွာ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးမြေအသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုစိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံးတွင်ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာဆန်းဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းမြေအသုံးချရေးတာဝန်ခံနှင့်ဝန်ထမ်းများ၊၊ ဌာနဆိုင်ရာများနှင့်အကျိုးဆောင်တောင်သူ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာဆန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ 
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများနှင့် တာဝန်ရှိသူများက တက်ရောက်လာသော အကျိးဆောင်တောင်သူ သင်တန်းသား၊ သင်တန်းသူများထံသို့ မိသားစုတစ်ပိုင်တစ်နိုင် ကောက်ရိုးမှို စိုက်ပျိုးနည်း လက်ကမ်းစာစောင်များအား ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးဝင်းက မိသားစုတစ်ပိုင်တစ်နိုင် ကောက်ရိုးမှို စိုက်ပျိုးနည်းစနစ်အား စာတွေ့ဆွေးနွေးပို့ချပေးခဲ့ပြီး အဆိုပါရုံးဝင်းအတွင်း လက်တွေ့ပျိုးထောင်စိုက်ပျိုးနည်းများ၊ သီးနှံ အထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သော နည်းလမ်းများကို လိုက်လံရှင်းလင်းပြသရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့် တက်ရောက်လာသူ ဌာနဆိုင်ရာများနှင့် အကျိုး ဆောင်တောင်သူ (၇၀) ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)