ငါးသိုင်းချောင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ငါးသိုင်းချောင်း) ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာညိုမင်းဇံသာမှ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးစိုးမင်းဦးက တစ်စစီပြန်ကောက်ခဲ့ရသော ဇူလိုက်မိုးစက်မျက်ရည်များခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်၍ ကျွမ်းကျင်-၂ ဓာတ်ပုံ ဦးခင်မောင်မြင့်က အနာဂတ်နိုင်ငံတော်နှင့်ပညာရေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပြောကြားကာ အ.ထ.က ငါးသိုင်းချောင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်ဆွေဆွေဦးက ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ယခုလိုလာရောက်ဟောပြောပေးသည့် တာဝန်ရှိသူများအား ကျေးဇူတင်စကားပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)