ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယမန်နေ့နေ့လယ်က အ.မ.က (လွန်) တမာကုန်းကျောင်းနှင့် အ.မ.က(လွန်) ဆင်တဲကျောင်းသို့ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ လုပ်ဆောင်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်တန်းနိုင်သော ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကလေးသူငယ်များကို ဗဟုသုတရဖွယ် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)