ကြံခင်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးအပ်ပွဲနှင့် ဆိုကရေးတီးပြိုင်ပွဲ (မြို့နယ်အဆင့်) ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး(ယာယီ)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ယခင်နှစ်များအတိုင်း ဆုပေးပွဲအခမ်းအနားကို ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားတက်ရောက်လာကြသော ဆပ်ကော်မတီဖွဲ့များက ဆုချီးမြှင့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်းကူညီစေလို့ပါကြောင်း၊ မြို့မိ/မြို့ဖများကလည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဆုချီးမြှင့်ပေးအပ်မှု၊ အလှူရှင် များ၏ ထည့်ဝင်လှူဒါန်းမှု အခြေအနေများအား တင်ပြပြီး၊ ဆပ်ကော်မတီများက ကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ တင်ပြဆွေးနွေးမှုများအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား ပြီး၊ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်)ဆရာကြီး ဦးမောင်မောင်အေးက ဆိုကရေးတီးပြိုင်ပွဲအတွက် ဝါသနာရှင်အဆင့်များအား မြို့နယ်ပညာရေးမှူးရုံးတွင် ဇူလိုင်လ လဆန်းပိုင်းမှစတင်၍ လေ့ကျင့်ပေး လျက်ရှိကြောင်း၊ ယခင်နှစ်များအတိုင်း ခရိုင်ကိုယ်စားပြု၊ တိုင်းကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး နည်းပြဆရာများကများက အသီးသီး ဆွေးနွေးကြပြီး၊ အဆိုပါ ဆိုကရေးတီးပြိုင်ပွဲအား ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)