ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ချောင်းဦး ဇူလိုင် 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ 

ချောင်းဦးမြို့တွင်  ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ၂၀၂၂နှစ် နှစ်ဦးပိုင်းမှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သားဖွား ဆရာမများ၊ ကြီးကြပ်-၂ များမှ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းလများတွင် လစဥ် လဆန်း ၇ ရက်နေ့တိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုရပ်ပြုလုပ်ပြီး ထိုးနှံပေးခဲ့ရာ တလထက်တလ လူသိများလာပြီး ကျေးရွာအုပ်စုများမှ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ များပြားစွာ လာရောက် ထိုးနှံကြသောကြောင့် လဆန်း ၁ ရက်၊ လဆန်း ၇ ရက်နှင့် လလယ် ၂၁ ရက်နေ့တွင် ထပ်တိုး ထိုးနှံပေးနေကြောင်း သိရသည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊  ငါးမျိုးစပ် ကာကွယ် ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၂၇၂ ဦး ထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးကို ကျန်းမာရေးစစ်ဆေး၍ ကိုယ်ဝန်ဆောင် အားဆေးပေးပြီး မေးခိုင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို  ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဥ် လဆန်း ၁ ရက်၊ ၇ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မွေးကင်းစမှ ၁ နှစ်ခွဲအထိ ဆိုသော်လည်း ၅ နှစ်သားအထိ ကာကွယ်ဆေး မထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင် ထံမှသိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)