နတ်မောက်မြို့ မြို့မဈေးကြီး၌ စိန်တစ်လုံးသရက်သီးများဈေးကောင်း၍ ရောင်းချသူများ အဆင်ပြေ

နတ်မောက် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ ဒေသထွက်သရက်သီးများ ရှားပါးလာတာကြောင့် တောင်ပေါ်ဒေသထွက် စိန်တစ်လုံးသရက်သီးများ ဝယ်ယူ၍ ရောင်းချရာ ဈေးကောင်းရရှိသဖြင့် အဆင်ပြေကြောင်း ဝယ်ယူရောင်းချသူများထံမှ သိရသည်။

 မြို့နယ်အတွင်းရှိ ဒေသထွက်သရက်သီးများ ရှားပါးလာတာကြောင့် ကျွန်မတို့အနေနဲ့ တောင်ပေါ်ဒေသထွက်  စိန်တစ်လုံးသရက်များ ဝယ်ယူရောင်းချတာဖြစ်ပါတယ်၊ ကျွန်မဆိုင်ကတော့ ဒေသထွက်ကုန်များတဲ့ချဉ်ပေါင် ရွက်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘူးသီး၊ သခွားသီး၊ ငပြုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကင်ပွန်ချဉ်၊ ကြောင်လျာသီး၊ ပဲတိုင်ထောင်၊ ဗမာနံနံ၊ ပင်စိမ်း၊ ကြက်ဟင်းခါး၊ ပဲရှည်သီးများ၊ ပြောင်းဖူးများရောင်းချပါ တယ်၊ တွဲဖက်အနေနဲ့ တောင်ပေါ်ဒေသထွက် ဒူးရင်းသီး၊ သစ်တော်သီး၊ နဂါးမောက်သီး၊ စိန်တစ်လုံးသရက်၊ ဂေါ်သခွားသီး၊ ဂေါ်သခွားအညွှန့်၊ မုံညှင်းထုပ်၊ ကိုက်လန်များ ဝယ်ယူရောင်းချပါတယ်၊ သရက်သီးရှားပါးချိန်ဖြစ်တဲ့အတွက် တောင်ပေါ်စိန်တစ်လုံးသရက်များကို ဒေသခံများ ဝယ်ယူစားသုံးကြသဖြင့် ဈေးကောင်းရတာကြောင့် အမြတ်ငွေရရှိကြောင်း ရောင်းချသူ မရွှေနုကပြောသည်။

နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း၌ ဒေသထွက်ကုန်များကို ရောင်းချကြသလို မော်တော်ကားများဖြင့် တောင်ပေါ်ဒေသနှင့် ပျော်ဘွယ်သို့ သွားရောက်၍ ကုန်ပစ္စည်းများ ဝယ်ယူကာ လက်လီ၊ လက်ကားရောင်းချလျက်ရှိကြောင်း သိရသည်။

မူမူစန်း