ပုသိမ် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း Galaxy Red Star ကုမ္ပဏီလီမိတက်မှ Solar Powerplantနှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် (၁၀၀) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည်။
ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက Galaxy Red Star (Myanmar)နှင့်ပူးပေါင်း ဆောင်ရွက် မည့် GCL (China)ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေမှုအခြေအနေများ၊ Solar Power ၊ Wind Turbine Power အသုံးပြု၍ (Zero Carbon) အဖြစ် လျှပ်စစ်ထုတ်လုပ် နိုင်မှုအခြေအနေများ၊ ဓာတ်အားပေးစက်ရုံ စမ်းသပ်စစ်ဆေးရေး ဝန်ဆောင်မှုများ၊ Solar Powerplant နှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ Mega Watt(100) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြမှုများနှင့် ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း ပိုမိုဆောင်ရွက်နိုင်ပါက ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်သာမက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်းနှင့် စက်သုံးဆီအသုံးပြုမှုများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကုမ္ပဏီများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်နိုင်ပါက တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)တွင်ပြုလုပ်သည့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသည့် ကုမ္ပဏီများဖြစ်ပါကြောင်း၊ တည်ဆောက်သည့် အဆောက်အဦများအား အရည်အသွေး ရှိရှိဖြင့် စနစ်တကျဆောက်လုပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုစေတနာပါပါဖြင့် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ မြေနေရာရွေးချယ်မှုများကိုလည်း စနစ်တကျရွေးချယ်၍ ဆောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ ဘောလုံးကွင်းဆောက်လုပ်ရာတွင် အားကစားရေးရာဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်များ ပြည့်မီရေးကိုအလေးထား ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စစ်ဆေးကြပ်မတ် ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်)၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်များတွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ တည်ဆောက်ရေးလုပ်ငန်း များအား တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)