ဟင်္သာတ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင်ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူ့စကားဝိုင်းကို ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စကားဝိုင်းကို အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ဦးဆောင်ဆွေးနွေးရာ ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ One Health Approach (လူ၊တိရစ္ဆာန်၊ပတ်ဝန်းကျင်) သုံးနားညီ မျှတစေမှသာလျှင် တစ်ခုတည်းသော ကျန်းမာရေးကိုရရှိပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တည်ဆောက်နိုင်ရေးအတွက် ပထမဦးစွာ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ခွေးရူးပြန် ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါလက္ခဏာများ၊ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် ခွေးမှတဆင့် ကူးစက်သော ခွေးရူးပြန်ရောဂါဖြင့် လူသေဆုံးမှုမရှိစေရေး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာယုနန္ဒာအောင်က ခွေးရူးပြန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ခွေးရူး၏လက္ခဏာများနှင့် ဖြစ်ပွား သည့် ကာလများကိုလည်းကောင်း၊ အိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် အခြေ အနေများကိုလည်းကောင်း ဆွေးနွေးပါသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးလှမင်းက စည်ပင်သာယာဧရိယာအတွင်း ခွေးလေခွေးလွင့်များ စီမံခန့်ခွဲမှုနှင့် အမှိုက်သိမ်းဆည်းခြင်းစနစ်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်က ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ပြည်သူ့စကားဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ (၁၆၀) ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)