ကန်ကြီးထောင့် ဇူလိုင် ၇
ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ဥပဒေရုံးမှ ကျင်းပပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အတွင်းရေးမှူး ရဲမှူးစန်းယုနိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမော်ဦးက “နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးနဲ့ ဥပဒေ၏အကာအကွယ်ကို အညီအမျှရရှိစေရေး” တို့အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိက ဥပဒေရေးရာဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်းနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လှည်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား သင်တန်းပို့ချလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၈၀) ဦးအား ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)