သဲကုန်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်ကြားရေး ဆရာ/ ဆရာမများနှင့် စိုက်ပျိုးရေးအထူးပြု ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့မွန်းတည့် (၁၂) နာရီအချိန်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (သဲကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပညာတက်ရောက်သင်ကြားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ Grade-10 တွင် တက်ရောက်ရမည့် ကျောင်းသားဦးရေ ပြည့်မီရေး ကျောင်းသားများ၊ ဆရာ/ ဆရာမများ၏ အသိမိတ်ဆွေများမှ စည်းရုံးဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေးဘာသာရပ်အား အမှန်တကယ်တတ်မြောက်သည်အထိ သင်ကြားပြသပေးရန်၊ ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးရန် အားပေးစကားများ ဆွေးနွေးဟောပြောခဲ့ပြီး၊ နတ်တလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ထွေးက ပညာရေးအခွင့်အလမ်းများနှင့် စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်ဦးက မြို့နယ်အတွင်းရှိ ဆောင်ရွက်လျက်ရှိသည့် ပညာရေးလုပ်ငန်းအခြေအနေများနှင့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူများက အားသာချက်/ အားနည်းချက်များအား တင်ပြခဲ့ရာ တာဝန်ရှိများမှ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများမှစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ သင်ကြားရေးဆရာ/ ဆရာမများနှင့် စိုက်ပျိုးရေးအထူးပြု ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာပစ္စည်းများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ နတ်တလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ထွေး၊ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်း၊ နတ်တလင်းခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)