ညောင်လေးပင်မြို့နယ် အ.ထ.က (ဇီးကုန်းကြီး) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ညောင်လေးပင် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က ဇီးကုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (ဇီးကုန်းကြီး) ကျောင်းမှကျောင်း အုပ်ဆရာမကြီး ဒေါ်ယဉ်မင်းထွေးက အဖွင့်မှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်များအသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဦးဆောင်ဆွေးနွေးကာ Grade (11) မှ မောင်သန့်ဇင်ဦးက ပြည့်ဝသောအမွေကိုပေးကြပါ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade (7) မှ မအိမ့်နေခြည်သက်က ပန်းတွေမွှေးမြ၊ လိပ်ပြာလှလှတွေပျံဝဲစေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) မှ မစုမြတ်နွယ်က လူ့တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (8) မှ မောင်သူရကိုကိုက လူငယ်နှင့် ရန်ငြိုးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (9) မှ မကေလင်းသော်က မျိုးဆက်သစ်ရဲ့ အလှခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၃၅) ဦးတို့တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)