တနင်္သာရီမြို့နယ် သ/မ ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကကတစ်ငါးများကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး

တနင်္သာရီ  ဇန်နဝါရီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမအသင်းစုတို့ ပူးပေါင်း၍ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ သက်သာချောင်ချိစေရေးနှင့် ပြည်တွင်းငါးစားသုံးမှုမြင့်တက်လာစေရေးအတွက် ငါးများကို ပြင်ပငါးဈေးထက်ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီအချိန်ကစပြီး ချောင်းငယ်ရပ်ကွက် ဈေးလမ်းအတွင်း အောင်မင်္ဂလာဈေး(၂)အနီး ရှိ အားမာန်သစ် သမအသင်းဆိုင်အရှေ့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ရောင်းချပေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်နှင့် ဌာနဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲနှင့် ဝန်ထမ်းများက ပြင်ပဈေးနှုန်းတစ်ပိဿာလျှင် (၈၅၀၀/၉၀၀၀) ကျပ်ရှိသော  ကကတစ်ငါး(ဒေသခေါ်ငါးဘောင်း)ကို (၆၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၃၅)ပိဿာအား ဈေးနှုန်းသက်သာစွာ အမြတ်မယူဘဲရောင်းချပေးကြောင်း၊  ၎င်းကကတစ်ငါးများကို ဈေးနှုန်းသက်သာစွာ ရရှိရေးအတွက် တနင်္သာရီမြို့နယ်သမအသင်းစုဥက္ကဌ ဦးဝင်းတင်က ကျွန်းစုမြို့နယ် သမအသင်းစုနှင့် ချိတ်ဆက်ပြီး ဈေးနှုန်းအမှန်အတိုင်း အမြတ်မယူဘဲ ငါးစားသုံးသူများအား ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်သ/မဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)